Monday, October 12, 2009

ဗုဒ္ဓဆင်းတုတော်နှင့် ဆံထုံး


လျှောက်ထားပါရစေ အရှင်ဘုရား၊
(၁) ဗုဒ္ဓဘာသာ ရဟန်းတော်များ အဘယ် ကြောင့် ဆံပင်ကို ရိတ်ပြီး ဦးပြည်း ကတုံး ပြုကြပါသလဲ ဘုရား။
(၂) မြတ်စွာဘုရား ဆင်းတုတော်များမှာ ရဟန်း သံဃာတွေနှင့် ခြားနားပြီး ဆံပင် မရိတ်ဖြတ်ဘဲ ဆံထုံးပုံနှင့် တွေ့ရခြင်းမှာ ဘာကြောင့်ပါလဲ ဘုရား။
(၃) ပဉ္စဝဂ္ဂီ ရဟန်းငါးဦးပုံကို ဆံပင်၊ မုတ်ဆိတ်၊ ပါးသိုင်းမွှေးများနှင့် သရုပ်ဖော်ခြင်း မှာ သင့်မြတ်ပါသလား။
(၄) နှုတ်ကြမ်းသည့် ရဟန်းတစ်ပါးနှင့် အမှတ်မထင် ဆုံမိပါသည်။ သံဃာကို လေးစားပါသည်။ ငရဲကိုလည်း ကြောက်ပါသည်။ တပည့် တော် ဘယ်လို ပြုမူရပါမည်လဲ ဘုရား။
စိုင်းစိုးလှိုင်

(၁) ရဟန်းများ ဆံပင်ရိတ်ခြင်း
ဗုဒ္ဓမပွင့်မီကပင် စိတ်ပိုင်းဘဝ ဖြူစင်မှုနဲ့ မောက္ခ (လွတ်မြောက်မှု) ကို ရဖို့ ရှေးခေတ် အိန္ဒိယမှာ ပညာတတ် လူတန်းစားအချို့ဟာ ဆံမုတ် ဆိတ်ကို ပယ်၊ ဖန်ရည်ဆိုး အဝတ်ကိုဝတ်ပြီး လူ့ဘောင်ကို စွန့် (တော ထွက်) လေ့ ရှိကြပါတယ် (ကေသမဿုံ သြဟာရိတွာ ကာသာယာနိဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ အဇ္ဈာဝသတိ)။ ဒါကြောင့် ဗုဒ္ဓသာသနာ အစပိုင်းမှာ မြတ်ဗုဒ္ဓနဲ့ တွေ့လို့ ရဟန်းပြုကြသူတွေထဲမှာ ရင့်ကျက်ပြီးသူတွေဟာ ရဟန်းအသွင်မျိုး ရှိပြီးဖြစ်ပါလိမ့်မယ်။
ဗုဒ္ဓဖြစ်ပြီးနောက် ဒုတိယနှစ် နှစ်ဆယ်အတွင်းနဲ့ အဲဒီနောက်ပိုင်း ဗုဒ္ဓထံမှာ မရင့်ကျက်ဘဲ ရဟန်းပြုလာကြတဲ့ ဆဗ္ဗဂ္ဂီအုပ်စုဝင် ရဟန်း တွေဟာ ဆံပင်ရှည်ရှည်ထားလို့ လူအများက 'ကာမသုံးဆောင် လူ့ ဘောင်က ငါတို့တွေလိုပါပဲလား'လို့ ကဲ့ရဲ့ ကြတဲ့အခါမှာ ဗုဒ္ဓက 'ရဟန်း တို့၊ (ကာလအားဖြင့်) နှစ်လရှိသော ဆံပင်၊ (ပမာဏအားဖြင့်) လက်နှစ် သစ်ရှိသော ဆံပင်ကို ခွင့်ပြု၏ (ဝိ ၄၊ ၂၄ဝ)' လို့ မိန့်ပါတယ်။
ဒါကြောင့် ရဟန်းတွေ ဆံပင်ကို ရိတ်ဖြတ်ကြရတာပါ။ ယခုခေတ် မြန်မာရဟန်း အများစုကတော့ နှစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်ပတ် တစ်ကြိမ် ဆံပင်ရိတ်ကြပါတယ်။ ယိုးဒယားနိုင်ငံမှာတော့ လပြည့် လ ကွယ်နေ့တိုင်း တစ်လနှစ်ကြိမ် တစ်နိုင်ငံလုံးရှိ ရဟန်းတော်တွေ ပြိုင်တူ (တစ်ပြိုင်နက်) ဆံပင်ရိတ်ကြပါသတဲ့။
(၂) ဗုဒ္ဓဆံပင်ပုံစံပညာမာန် တက်နေတဲ့ သိင်္ဂါရဝပုဏ္ဏားငယ် (မ ၂၊ ၄၂၄)၊ မီးကို ကိုး ကွယ်သူ အဂ္ဂိဘာရာဒွါဇ (သုတ္တနိ၊ ၂၉၇) တို့က မြတ်ဗုဒ္ဓကို 'မုဏ္ဍက (ဦးပြည်းကတုံးစုတ်)'လို့ နှိမ့်ချပြီး ခေါ်ဖူးတယ်။ 'ထိုငါသည် မိဘများ မလိုလား၍ ငိုကြွေးကြစဉ် ဆံမုတ်ဆိတ်ကို ရိတ်ပယ်ပြီး ဖန်ရည်ဆိုး အဝတ်ကို ဝတ်၍ ရဟန်းပြုခဲ့၏'လို့ ဗုဒ္ဓရဲ့ နှုတ်တော်မှ နိဂဏ္ဌတက္က တွန်း၏သား သစ္စက (မ ၁၊ ၃ဝ၃)၊ သိင်္ဂါရဝ ပုဏ္ဏားငယ် (မ ၂၊ ၄၂၄) စတဲ့ ပုဂ္ဂိုလ်တွေကို မိန့်တော်မူဖူးပါတယ်။
ဒါကတော့ မူရင်းပါဠိတော်တွေမှာပါတဲ့ ဗုဒ္ဓဆံတော်နဲ့ ပတ်သက်တဲ့ အတွေးအမြင်ကို ခန့်မှန်းကြည့်ဖို့ပါ။ ဒီစာအရ ဗုဒ္ဓဘုရားရှင်ဟာ ဆံပင်နဲ့ မုတ်ဆိတ် ကျင်စွယ်ကို ရိတ်ပယ်ထားတယ် ဆိုတာလောက် တော့ အသေအချာ ဆိုနိုင်တယ်။
'(မင်းသားသိဒ္ဓတ္ထသည်) သန်လျက်ကို ထုတ်ပြီး လက်ယာလက်ဖြင့် သန်လျက်ကို ကိုင်လျက် သရဖူနှင့်တကွ ကျစ်ထားသည့်ဆံကို ဖြတ်၏။ ဆံတော်သည် လက်နှစ်သစ်မျှလောက်သာ အရှည်ကျန်ပြီး ညာဖက်သို့ ရစ်ခွေလျက် ဦးခေါင်းပေါ်၌ တည်နေ၏။ ဆံပင်များသည် အသက်ထက်ဆုံး ထိုထက် ပိုမရှည်တော့ဘဲ မုတ်ဆိတ်မွှေးများလည်း အနေတော်မျှသာ ကျန်၏။ နောက်ထပ် ဆံမုတ်ဆိတ်ကို ရိတ်ခြင်းကိစ္စ မရှိတော့ချေ (ဇာ-ဋ္ဌ ၁၊ ၇၄)'။
သက္ကတကျမ်းတွေ ဖြစ်ကြတဲ့ လလိတဝိတ္ထာရ (အင်္ဂလိပ်၊ ပြန်၊ စာ-၂၁၂)နဲ့ မဟာဝတ္ထု (အင်္ဂလိပ်၊ ပြန် ၂၊ စာ-၅၆)ကျမ်းတွေမှာလဲ ဆံ တော်ကို ဓားနဲ့ ဖြတ်ပြီး ကျန်တဲ့ဆံတော်တွေက ခေါင်းပေါ်မှာ အမြဲ တမ်းရှိနေတယ်လို့ ဖော်ပြပါတယ်။ ဆန်ချီစေတီ တောင်ဖက်ဂိတ် ကျောက်တိုင်က ဆံတော်ပယ် ရုပ်ကြွက (ဘီစီ ၅ဝ)မှာလဲ ဆံတော်ကို ဓားနဲ့ဖြတ်ပြီး တစ်ဝက် ကျန်နေတဲ့ ပုံကို တွေ့ရပါတယ် (A guide to Sanchi, Sir John Marshall, p. 51)
ဒါတွေအရဆိုရင် ဗုဒ္ဓရဲ့ ဦးခေါင်းပေါ်မှာ ရစ်ခွေနေတဲ့ လက်နှစ် သစ်လောက် ဆံပင်ရှည် ရှိတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ဗုဒ္ဓဆင်းတုပုံစံ နှစ်မျိုး
ဗုဒ္ဓဝါဒကျမ်းစာတွေကို အခြေခံ၍ပင် ရှေးခေတ်တစ်ချိန်က ဗုဒ္ဓဆံတော်နဲ့ ပတ်သက်ပြီး အဓိပ္ပာယ် ကောက်ယူမှု နှစ်မျိုးဖြစ်သွားခဲ့ပုံရတယ်။
၁) ရှေးအကျဆုံး ပါဠိတော်ကျမ်းတွေ (၎င်းတို့ နားလည်ပုံ) အရ ဗုဒ္ဓဟာ ဆံတော်ကို ရိတ်ပယ်ထားတယ် သို့မဟုတ် ဦးခေါင်းတော်မှာ ဆံပင်ရှည်ရှည် မရှိဘူး။ မုတ်ဆိတ်မွှေးလဲ မရှိဘူး။
၂) နှောင်းခေတ် သက္ကတနဲ့ ပါဠိဘာသာ မှတ်တမ်းတွေ ဖြစ်ကြတဲ့ လလိတဝိတ္ထာရ၊ မဟာဝတ္ထုနှင့် ဇာတကအဋ္ဌကထာ နိဒါန်းတို့မှာ ဖော်ပြသလို ဗုဒ္ဓရဲ့ ဦးခေါင်းပေါ်မှာ ရစ်ခွေနေတဲ့ ဆံပင်ရှည်ရှိတယ်။
ပန်းပုပညာ ထွန်းကားလာတဲ့ နှောင်းခေတ်မှာ အိန္ဒိယနိုင်ငံ မထုရာမြို့က ပန်းပုပညာရှင်တွေဟာ အဲဒီ အစဉ်အလာနှစ်မျိုးနှင့်အညီ အပြိုင်အဆိုင် ဗုဒ္ဓဆင်းတုတွေ ထုပ်လုပ်ကြတယ်လို့ ဆိုပါတယ်။ ပထမ အစဉ်အလာကို လိုက်နာတဲ့ ဆံထုံးမပါတဲ့ ဗုဒ္ဓဆင်းတုတွေကို မထုရာ (Mathura)၊ မန်ကောရာ (Mankor)နှင့် မိဂဒါဝုန် (Sarnath)တို့မှာ တွေ့ရတယ်။ ယနေ့ခေတ် မြန်မာ သီရိလင်္ကာ ယိုးဒယားစတဲ့ ထေရဝါဒနိုင်ငံ တွေမှာတော့ ဒုတိယအစဉ်အလာကို လိုက်နာတဲ့ ရစ်ခွေနေတဲ့ ဆံပင် ပုံစံနဲ့ ဆင်းတုတော်တွေက လွှမ်းမိုးသွားပုံရပါတယ်။
(၃) ပဉ္စဝဂ္ဂီငါးဦးဟာလဲ ဗုဒ္ဓမပွင့်မီက မောက္ခကို ရှာမှီးကြတဲ့ ရင့်ကျက် ပညာတတ်အုပ်စုဝင် ပုဂ္ဂိုလ်များ ဖြစ် လို့ အနီးစပ်ဆုံး ဆံမုတ်ဆိတ်ကို ရိတ်ပယ်ထားပြီး အဝါရောင် ဖန်ရည်ဆိုးအဝတ်ကို ဝတ်ထားတဲ့ ရသေ့ ရဟန်းအသွင်မျိုးပဲ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။
မြန်မာပန်းချီဆရာအချို့ သရုပ်ဖော်သလို အင်္ကျီဖြူ ဝတ်ပြီး ဆံပင် တစ်ထွာတစ်တောင်လောက်နဲ့ မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး ဓမ္မစကြာ တရားဦး နာယူနေတဲ့ ပုံစံမျိုးတော့ ပုံမဖော်ရဲပါ။ ဗုဒ္ဓခေတ် တောထွက်တဲ့ ရသေ့ရဟန်းအချို့ရဲ့ အသုံးအဆောင် (ပရိက္ခရာ)ထဲမှာ ဆံပင်ကိုပါ ရိတ်ဖြတ်နိုင်တဲ့ ဓားသေးသေးတစ်ချောင်း ပါလေ့ရှိတာကိုလဲ သတိပြု သင့်ပါတယ်။ ဒါပေမဲ့ 'ဇဋာဓာရိတာယ ဇဋိလာ (ဥဒါန-ဋ္ဌ၊ ၅၇)'အရ ဆိုရင်တော့ ဆံပင်မရိတ်တဲ့ ရသေ့ရဟန်းတစ်မျိုးလည်း ရှိနိုင်ပါတယ်။
(၄) ရဟန်းတစ်ပါးဟာ နှုတ်ထွက်ကြမ်း၊ အနေအထိုင် မသပ်ရပ်ပေမဲ့ တစ်ခါတစ်ရံ သီလသိက္ခာကို လိုက်နာပြီး ကောင်းကောင်းမွန်မွန် စာပေ ပရိယတ္တိ သင်ကြားနေတဲ့ ပုဂ္ဂိုလ်ဖြစ်နေတတ်တယ်။ တကယ် လေးစား တယ်၊ ငရဲကြီးမှာလဲ ကြောက်တယ်ဆိုရင် အသင့်နှလုံးသွင်း (စသျငအငလန အ့ငညုငညါ) မျိုး ထားသင့်ပါတယ်။ ရဟန်းသံဃာ အများစုဟာ သာမန် ပုထု ဇဉ်မျှသာဖြစ်လို့ ပုထုဇဉ်အငွေ့အသက် တွေ့မြင်ရတာဟာ မျှတပါတယ်။ မွေးရာပါ ဝါသနာဗီဇကို ဘုရားကလွဲလို့ ရဟန္တာကြီးတွေတောင် မပယ်နိုင်တဲ့ သာဓကတွေ ရှိပါတယ်။
ဒါကြောင့် မိမိမကြည်ညိုရင် ငြိမ်ငြိမ်သာနေပါ။ သီလသိက္ခာ ကျိုး ပေါက်တာ မသေချာဘဲနဲ့ အဲဒီဘုန်းကြီးအကြောင်းကို မကောင်းဆိုပြီး အကြည်ညိုပျက်အောင်လဲ သူများကို မဆွယ်ပါနဲ့။ စိတ်ထဲက ဒေါသ ငွေ့လေးတွေ နှုတ်ပေါ်ရောက်လာရာကနေ နီးရာလူတွေကို ရဟန်းတော်ဖက် မေးငေါ့ပြီး 'ကြည့် ...ကြည့်၊ အဲဒီ ကိုယ်တော်ပဲပေါ့' လို့ ပြောဆိုဆဲမှာ ကုသိုလ်စိတ်တွေ ဖြစ်နိုင်မယ်လို့ ထင်ပါသလား။

အနာမျိုး ၉၆ ပါး၊ ကိုယ်ထဲက ပိုးကို သတ်ရင်

အရှင်ဘုရား၊ သိချင်တာလေးကို မေးလျှောက်ခွင့် ပြုပါဘုရား၊
(၁) အခုခေတ်မှာ ပေါ်ပေါက်လာတဲ့ ရောဂါဆန်း တွေနဲ့ ပေါင်းရင် ၉၆ ပါး ကျော်တယ်လို့ သူငယ်ချင်းက ဆိုပါတယ်။ အနာမျိုး ၉၆ ပါး ဆို တာကို တစ်ပါးချင်းစီ သိချင်ပါတယ်ဘုရား။
(၂) ခရစ်ယန် သူငယ်ချင်းတစ်ယောက်က တပည့်တော် အကြပ်တွေ့တဲ့ မေးခွန်းတစ်ခု မေးပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ ပိုးလောက်လန်းတွေရှိနေ ရင် အသက်သေမှာစိုးလို့ ဘုရားပန်းအိုးကို ရေမလဲချင်ဘူးလို့ တပည့် တော်က ငြင်းတော့ သူက ကိုယ်ထဲက ပိုးတွေကိုလည်း နင် မသတ်နဲ့၊ ရောဂါရှိရင် ပိုးရှိမှာဖြစ်လို့ ဆေးလည်း မသောက်နဲ့လို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးစေချင်ပါတယ် ဘုရား။
တပည့်တော် စိုင်းစိုးလှိုင် (ကျိုင်းတုံမြို့)
ဝေါဟာရ ခြားနားပေမယ့်
ခုခေတ်မှာ နည်းပညာတွေကလည်း အံ့ဘနန်း ထွန်းကားတဲ့အတွက် ရောဂါအမျိုးအစား တစ်ခုကိုပင် အဆင့်အမျိုးမျိုး သတ်မှတ်ချက်တွေနဲ့ အသေးစိတ်ပြီး ပိုမိုများပြားစုံလင်မှာ သေချာပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာ ဖော်ပြချက်တွေကို ကြည့်ပြီး ရောဂါအချို့ကတော့ ၉၆ ပါးထဲမှာပဲ အကျုံးဝင်နိုင်ပါတယ်။ မြန်မာ ဗိန္ဓောဆေးကျမ်း အများစုက မူရင်း ရှေးဟောင်း သက္ကတဆေးကျမ်းတွေကို ဘာသာပြန်ထားတာဖြစ်လို့ ခေတ်သုံးဝေါဟာရ အင်္ဂလိပ်ဝေါဟာရတွေနဲ့ ထပ်တူ ပြုဖို့တော့ ခက်ခဲနိုင်ပါတယ်။
အနာမျိုး ၉၆ ပါးသရုပ်ကို ဘုန်းကြီး ရေးမှတ်ထားတဲ့အတိုင်း ဖော်ပြပေးလိုက်ပါတယ်။ ဦးကဲ ရေးသားတဲ့ ဇီဝိတဝဍ္ဎန ဆေးကျမ်း သို့မဟုတ် ဆရာမြစ်ရေးတဲ့ လောကဟိတရာသီဆေးကျမ်း တစ်ခုခုက ကိုရင်ဝတ်နဲ့ ကတည်းက ဝါသနာပါလို့ ကူးယူထားခဲ့တာပါ။
အနာမျိုး ၉၆ ပါး (၁-၃ဝ)
၁။ စက္ခုရောဂါ = မျက်စိရောဂါ
၂။ သောတရောဂါ = နားရောဂါ
၃။ ဃာနရောဂါ = နှာခေါင်းရောဂါ
၎။ ဇိဝှါရောဂါ = လျှာရောဂါ
၅။ ကာယရောဂါ = ကိုယ်၌ဖြစ် သောအနာ
၆။ သီသရောဂါ = ဦးခေါ၌ဖြစ်သော အနာ
၇။ ကဏ္ဏရောဂါ = နားရွက်နာ ၈။ မုခ ရောဂါ = ခံတွင်းနာ
၉။ ဒန္တရောဂါ = သွားရောဂါ
၁ဝ။ သြဋ္ဌရောဂါ = နှုတ် ခမ်းရောဂါ
၁၁။ ကာသော = ချောင်းဆိုးနာ
၁၂။ သာသော = ပန်းနာရှူနာ
၁၃။ ပိလာသော = ဖွတ်သိုနာ ထိပ် ကပ်နာ (ဖွတ်စအိုနာ)
၁၄။ ဍာဟော = ကိုယ်ပူနာ
၁၅။ ဇရော = ဖျားနာ
၁၆။ ကုစ္ဆိရောဂါ = ဝမ်း၌ ဖြစ်သော ရောဂါ
၁၇။ မုစ္ဆာ = မူးဝေမိန်းမောသော အနာ
၁၈။ ပက္ခန္ဒိကာ = သွေးအန်နာ (မြင်း သရိုက်နာ)
၁၉။ သူလာ = ဘေးထိုးရင်ကျပ်နာ (လေထိုးနာ)
၂ဝ။ ဝိသူစိကာ = ဝမ်းလျှောနာ
၂၁။ ကုဋ္ဌံ = နူနာ
၂၂။ ဂဏ္ဍော = ထွတ် မြင်အနာ၊ အိုင်းနာ
၂၃။ ကိလာသော = ခရုသင်း သမင်ကွက် ကွက်သော အနာ (ညှင်းနာ)
၂၄။ သောသော = အသွေး အသား ခမ်းခြောက်သော ခယရုဂ်အနာ
၂၅။ အပမာရော = ဝက်ရူးနာ
၂၆။ ဒဒ္ဒူ = ပွေးနာ (ဝဲစို ဝဲကြီး)
၂၇။ ကဏ္ဍု = ဝဲခြောက်နာ
၂၈။ ကစ္ဆု = ယားယံနာ
၂၉။ နခသာ = လက်သည်း ခြေသည်း ခြစ်မိရာ၌ ဖြစ်သော အနာ
၃ဝ။ ဝိတစ္ဆိကာ = လက်ဖဝါး ခြေဖဝါးကွဲသော အနာ
အနာမျိုး ၉၆ ပါး (၃၁-၆ဝ)
၃၁။ လောဟိတပိတ္တံ = ရတ္တပိတ်နာ
၃၂။ မဓုမေဟော = ဆီးချိုနာ
၃၃။ အံသာ = ဒူလာလိပ်ခေါင်းနာ
၃၄။ ပိဠိ ကာ = ထွတ်မြင်းနာ
၃၅။ ဘဂန္ဒလာ = အရည် တစိုစိုယိုသော ဘဂန္ဒိုလ်နာ
၃၆။ ပိတ္တသမုဋ္ဌနာ အာဗာဓာ သည်းခြေကြောင့်ဖြစ်သော အနာ
၃၇။ သေမှသမုဋ္ဌနာ အာဗာဓာ = သလိပ်ကြောင့်ဖြစ်သော အနာ
၃၈။ ဝါတ သမုဋ္ဌာနာ အာဗာဓာ = လေကြောင့်ဖြစ်သော အနာ
၃၉။ သန္နိပါတိကာ အာဗာဓာ = သည်းခြေ သလိပ် လေ ပေါင်းစု၍ ဖြစ်သော အနာ
၎ဝ။ ဥတု ပရိဏာမဇာ အာဗာဓာ = ဥတုဖောက်ပြန်ခြင်းကြောင့် အနာ
၄၁။ ဝိသမပရိဟာရဇာ အာဗာဓာ = ဣရိယာပုထ် မညီညွတ်၍ ဖြစ်သော အနာ
၄၂။ သြပက္ကမိကာ အာဗာဓာ= သူ တစ်ပါး လုံ့လကြောင့် ဖြစ်သော အနာ
၄၃။ ကမ္မဝိပါကဇာ အာဗာဓာ = ကံအကျိုးကြောင့်ဖြစ်သော အနာ
၄၄။ ဂဟဏီ = ဝမ်းမီး ပျက် ဝမ်းကိုက်နာ
၄၅။ ပဏ္ဍုရောဂါ = အဆင်းဖျော့တော့သော ဝါသင့်နာ
၄၆။ ရာဇ ယက္ခမာ = သုက်ပျက်၍ ချည့်နဲ့သော အနာ
၄၇။ ဟိက္ကာရောဂါ = ကြို့ထိုးနာ
၄၈။ အရောစကရောဂါ = နှုတ် မမြိန်နာ (အစားအသောက် ပျက်သော အနာ)
၄၉။ ဆဒ္ဒိရောဂါ = ပျို့အန်တတ်သောအနာ
၅ဝ။ ဥမ္မာဒ ရောဂါ = ရူး သွပ်သော အနာ
၅၁။ ဦရုထမ္ဘရောဂါ = ပေါင်တောင့်တင်းသော ရောဂါ
၅၂။ အာမာဝါတရောဂါ = တစ်ကိုယ် လုံးတောင့်တင်းသော အနာ
၅၃။ ဥပဒါဝတ္တရောဂါ = ဝမ်းဖော ဝမ်းရောင်နာ
၅၄။ ဂူလမရောဂါ = ဝမ်း၌ အလုံး အခဲ စွဲသော အနာ
၅၅။ ဟဒယရောဂါ = နှလုံးသည်းပွတ်နာ
၅၆။ ဥရောဂဟရောဂါ = ရင်အောင့်သော အနာ
၅၇။ မုတ္တကိစ္ဆရောဂါ = ဆီးအောင့်ကျင်အောင့်သော အနာ
၅၈။ မုတ္တယာတရောဂါ = ဆီးဝမ်းချုပ်သော အနာ
၅၉။ အသ္မရီရောဂါ = ကျောက်တည်သော အနာ
၆ဝ။ ပိဟလရောဂါ = အဖျင်းအဆုတ်နာ
အနာမျိုး ၉၆ ပါး (၆၁-၉၆)
၆၁။ သောတရောဂါ = ကိုယ်ရောင်သော သာနာရုပ် အနာ
၆၂။ ဂလပဏ္ဍိရောဂါ = လည်ပင်းကြီးသောအနာ
၆၃။ ပဏ္ဍ မာလာရောဂါ = ဆီးသီးခန့် အလုံး ပေါက်တတ်သော မြင်းစဉ်နာ
၆၄။ ဂန္တိရောဂါ = ကြွက်နို့နာ
၆၅။ သီပဒရောဂါ = ခြေထုံနာ (ခြေသလုံးရောင်နာ)
၆၆။ ဝိဒြဓိရောဂါ = အနာပဆုပ် (သွေးစုနာ၊ သက်တန့်နာ)
၆၇။ ဘန္ဓရောဂါ = အရိုကျိုးသော အနာ၊ ဆတ်သော အနာ
၆၈။ ဥပဒံသရောဂါ = ဂုရင်ဂျီနာ
၆၉။ သုကရောဂါ = အင်္ဂါဇာတ်၌ အဖုပေါက်သော ရောဂါ
၇ဝ။ ဝိသပ္ပရောဂါ = ဝက်သက်ရောဂါ
၇၁။ မသုရိကရောဂါ = ကျောက်နာ
၇၂။ နှာရုရောဂါ = ချည်မျှင်ကဲ့သို့ အကြောထသော ရောဂါ
၇၃။ ဝိပ္ဖေါဋရောဂါ = မီးလောင်မာနာ
၇၄။ အဇိဏ္ဏရောဂါ = အစာမကြေရောဂါ
၇၅။ အာဋာယရောဂါ = ဝမ်းကြောတက်သော ရောဂါ
၇၆။ ဂန္ထာပစီရောဂါ = ကြပ်နာ
၇၇။ ဂလဂဟ ရောဂါ = လည်ချောင်းနာ
၇၈။ အာနာယရောဂါ = ဝမ်းချုပ်နာ
၇၉။ ဝိဋကရောဂါ = အနာစိမ်းရောဂါ
၈ဝ။ ဝါတဏ္ဍရောဂါ = လိင်ဥရောင် သာမုဿနာ
၈၁။ ဝိပါ ဒိကာရောဂါ = ခြေဖောသော အနာ
၈၂။ ကီဋပရောဂါ = ဆင်ခူလည်ပြတ်နာ
၈၃။ အဇဂန္ဓိကော = နို့သက်နာ
၈၄။ ပါသာဏဂဒ္ဒကံ = မေးနှင့် လည်ချောင်း အစပ်၌ ပေါက်သော အနာ
၈၅။ ကစ္ဆရောဂါ = လက်ရုံးနံဘေး ခုံး၍ပေါက်သော အနာ
၈၆။ စိပ္ပ ရောဂါ = လက်သည်ခြေသည်း ပုပ်သော အနာ
၈၇။ ကဒရန္ဒု ရောဂါ = တံသင်းနာ၊ အနာသစ်ငုတ်
၈၈။ ဣနြေ္ဒ လုတ္တရောဂါ = မိတ်နာ၊ ကြာဆူးနာ
၈၉။ ဟသရုရောဂါ = သင်းလိပ်နာ
၉ဝ။ တိလကာလကရောဂါ = မှဲ့နာ
၉၁။ မုခဗျင်္ဂရောဂါ = ပါးသက်နာ
၉၂။ ပရိဝတ္တိကရောဂါ = မုဿကုတ်နာ
၉၃။ အာပေါဋိကရောဂါ = လိင်ရေ လျော့သောအနာ
၉၄။ မဏိဓမ္မရောဂါ = ကျင်သွား လိင်သေနာ
၉၅။ နိရုဒ္ဓပကဿရောဂါ = ကျင်ချုပ် လိင်သေ နာ
၉၆။ ဂူဒတြံသရောဂါ = ဘင်ထွက်သော အနာ
၉၇။ ဝိသရောဂါ = အဆိပ်သင့်သော အနာ
မှတ်ချက်
ဖော်ပြပါ ၉၇ ပါးထဲမှ အမှတ် ၁ မှ ၄၃ အထိကို ဂိရိမာနန္ဒသုတ် (အံ ၃၊ ၃၄၃)၊ မဟာနိဒ္ဒေသ (စာ-၁ဝ)နှင့် စူဠနိဒ္ဒေသ (စာ-၂၈) ပါဠိတော်များမှာလည်း တွေ့ရ တယ်။ အမှတ် ၉၄ ကျင်သွား လိင်သေနာ နှင့် အမှတ် ၉၅ ကျင်ချုပ် လိင်သေနာ ကို အဓိပ္ပာယ်တူ ယူနိုင်အံ့ထင်ပါတယ်။ အဲဒီ တူရာနှစ်ခုကို ပေါင်းလိုက်ရင် အနာမျိုး ၉၆ ပါးလို့ ရေတွက်လို့ ရနိုင်ကြောင်းပါ။
ကိုယ်ထဲက ပိုးကို သတ်ရင်
ရဟန်းတွေဟာ ရေထဲမှာ လောက်လန်းတွေရှိမှန်းကို သိလျက်နဲ့ အဲဒီ ရေကိုသောက်ရင် အပြစ်သင့်တယ်။ ဒါကြောင့် ရေထဲမှာ လောက်လန်းတွေကို မြင်နေရရင် အဲဒီရေကို သန့်စင်အောင် လုပ်တဲ့အခါ သတိနဲ့ လုပ်သင့်တယ်။ လောက်လန်းတွေရှိနေတဲ့ ပန်းအိုးထဲကရေကို လဲတဲ့ အခါမျိုးပေါ့။ ပန်းအိုးထဲမှာ လောက်လန်း တွေ မဖြစ်လာခင် ရေကိုလဲထားရင် အကောင်းဆုံးပါပဲ။ ဝမ္မိကသုတ္တန်အရ အရှင်အနုရုဒ္ဓါ မထေရ်ကြီးဟာ အချိန်ရတိုင်း အဘိညာဉ်တန်းခိုးနဲ့ ခန္ဓာကိုယ်ထဲက ပိုးတွေကို ကြည်ရှုတော်မူရာမှာ 'အသီတိ ကိမိကုလသဟဿာနိ = ပိုမျိုးပေါင်း ရှစ်သောင်း'ကို မြင်တော်မူတယ်။
Reader's Digest မှာပါတဲ့ What is on your eyelash? ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ အားကောင်းတဲ့ မိုက်ခရိုစကုပ်နဲ့ ကြည့်ရင် မျက်တောင်မွှေးလေးပေါ်မှာ ပိုးတွေ သန်ချီပြီး ရှိတာ၊ တစ်ကောင်နဲ့တစ်ကောင် ထိုးဆိတ် ကိုက်ဖြတ်နေကြတာကို တွေ့ရတယ်လို့ ဆိုတယ်။ ဒါပေမယ့် အဲဒီ ပိုးဆိုတာတွေကို အသားဆိုင်ရဲ့ ဆဲလ် အပွားလေးတွေ မျှသာ ဖြစ်လို့ ဗုဒ္ဓဝါဒက သက်ရှိလို့ မယူဆပါဘူး။ ဒါကြောင့် ဆေးသောက်လို့ ဗိုင်းရပ်စ်ပိုးတွေ သေတာကို သူ့အသက် သတ်တယ်လို့ မဆိုပါဘူး။